ဆံသားကို သန်စွမ်းတောက်ပြောင်အောင် သုံးသင့်တဲ့ဆီတွေ
ကောင်းခြင်းငါးဖြာထဲမှာ ဆံပင်ရဲ့ကောင်းခြင်းလည်း ပါဝင်ပါတယ်။ ရှေးယခင်တည်းက အခုခေတ်အထိ စွဲစွဲမြဲမြဲ လုပ်ကြလေ့ရှိတဲ့ ဆံပင်ထိန်းသိမ်းနည်းကတော့ ဆံပင်ကို ဆီလိမ်းတာပါပဲ။ ဆီလိမ်းခြင်းအလေ့အထကို လွန်ခဲ့တဲ့ရာစုနှစ်ပေါင်းများစွာတည်းက အိန္ဒိယက စတင်ခဲ့ပြီး ဦးရေပြားအေးမြအောင်၊ ဆံပင်တွေ ပျော့ပြောင်းပြီး သန်စွမ်းတောက်ပအောင်၊ မည်းနက်အောင်၊ ဆံပင်ကျွတ်တာသက်သာပြီး အုံထူအောင်ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ လိမ်းကြလေ့ရှိပါတယ်။
ဆံပင်ဆီလိမ်းတဲ့အခါ ဦးရေပြားထဲကို ဆီထည့်ပြီး လက်နဲ့ညင်သာစွာ နှိပ်နယ်ပေးရင် သွေးလှည့်ပတ်မှု ကောင်းစေပြီး ဆံပင်ကို သန်စွမ်းစေပါတယ်။ ဒါ့အပြင် ဆံပင်ကို ဆီလိမ်းတာက ဗောက်ထတာကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။
ဆီလိမ်းတဲ့အခါ ဆီကိုယူပြီးဦးရေပြားကိုထည့်ကာ လက်ချောင်းထိပ်လေးတွေနဲ့ ဦးရေပြားကို ညင်သာစွာ နှိပ်နယ်ရပါမယ်။ ပြီးရင် လက်မှာကျန်နေတဲ့ ဆီတွေကို ဆံသားတွေကို သုတ်လိမ်းပြီး မျက်နှာသုတ်ပုဝါ သို့မဟုတ် ရေချိုးရင်အုပ်တဲ့ခေါင်းဆောင်းနဲ့အုပ်ပြီး နာရီအနည်းငယ် သို့မဟုတ် တစ်ညထားပြီး ခေါင်းလျှော်ရင် ဆံသားလေးတွေ ကျန်းမာလာပါလိမ့်မယ်။ ခေါင်းလျှော်ပြီးတဲ့အခါလည်း ဆီထပ်လိမ်းချင်ရင် လိမ်းလို့ရပါတယ်။
ဆီမှာပါတဲ့ fatty acid တွေက ဆံပင်ကဆုံးရှုံးသွားတဲ့ အဆီတွေကို ပြန်ဖြည့်ပေးပါတယ်။ ဆံပင်ကို လိမ်းတဲ့ဆီတွေ အမျိုးမျိုးရှိတဲ့အထဲမှာ အသုံးသင့်ဆုံးဆီတွေက ဘာလဲ ကြည့်လိုက်ကြရအောင်နော်။
အုန်းဆီ
အုန်းဆီကတော့ အသုံးအများဆုံး ခေါင်းလိမ်းဆီတစ်ခုဆိုရင်လည်း မမှားပါဘူး။ အုန်းဆီမှာပါတဲ့ lauric acid က ဆံပင်မှာရှိတဲ့ ပရိုတင်းတွေကို သွားရောက်ပူးပေါင်းပြီး ပရိုတင်းဆုံးရှုံးမှုကြောင့် ဆံပင်ကျွတ်ခြင်း မဖြစ်အောင် ကာကွယ်ပေးပါတယ်။ အုန်းဆီက ဆံပင်ကိုလည်း ပျော့ပြောင်းစေလို့အသုံးသင့်ဆုံး ခေါင်းလိမ်းဆီတစ်ခုပါ။
ဗာဒံဆီ
ဗိုက်တာမင် B7၊ K နဲ့ E တွေ ပါဝင်တဲ့ ဗာဒံဆီကတော့ အုန်းဆီလောက် ဝယ်ရမလွယ်သလို စျေးလည်းပိုကြီးတဲ့ဆီ တစ်မျိုးပါ။ ဗိုက်တာမင် E ဟာ ဓာတ်တိုးဆန့်ကျင်ပစ္စည်း antioxidant ဖြစ်ပြီး ဆဲလ်တွေပျက်စီးဆုံးရှုံးခြင်း လျော့နည်းစေပါတယ်။ ဗိုက်တာမင် B7 ဖြစ်တဲ့ biotin ကတော့ ဆံပင်သန်စွမ်းဖို့အတွက် အထောက်အကူပြုပါတယ်။
နှမ်းဆီ
နှမ်းဆီက ဆံပင်နှစ်ခွဖြစ်တာ၊ ဆံပင်တွေကျိုးကြေတာကို ကာကွယ်ပေးပြီး ဆံပင်ရှုပ်ပွတာမျိုးလည်း မဖြစ်စေပါဘူး။ နှမ်းဆီမှာ ဗိုက်တာမင် B1၊ ကယ်လ်ဆီယမ်၊ မက်ဂနီဆီယမ်၊ ကြေးနီဓာတ်၊ သံဓာတ်၊ မီးစုန်းဓာတ်နဲ့ ဇင့်ဓာတ်တွေ ပါဝင်ပါတယ်။ ဦးရေပြားကို အစိုဓာတ်ရရှိကာ အေးမြစေပြီး ဆံသားကိုလည်း ချောမွေ့စေပါတယ်။ ဘက်တီးရီးယားနဲ့ မှိုတွေကြောင့်ဖြစ်တဲ့ ဗောက်တွေကိုလည်း ကာကွယ်ပေးပါတယ်။
Argan oil
အခုနောက်ပိုင်း ခေတ်စားလာတဲ့ argan oil မှာ ဗိုက်တာမင် A၊ C၊ E ၊ antioxidants တွေနဲ့ အိုမီဂါသရီးဖက်တီးအက်ဆစ် ပါဝင်ပြီး သူကသဘာဝဆံပင်ပျော့ဆေးဖြစ်ကာ ဆံသားကိုလည်းသန်စွမ်းရှည်လျားစေတဲ့ အာနိသင်ရှိပါတယ်။
လက်ဖက်ဆီ
လက်ဖက်ဆီမှာ ဘက်တီးရီးယားနဲ့ မှိုပိုးတွေကို သေစေပြီး ရောင်ရမ်းတာတွေ သက်သာစေတဲ့ အာနိသင်ရှိပါတယ်။ ဦးရေပြားကို အစိုဓာတ်ရရှိစေပြီး ဆံပင်ကိုသန်စွမ်းနက်မှောင် စေသလို ဗောက်ပျောက်စေတဲ့ အာနိသင်လည်းရှိပါတယ်။ လက်ဖက်ဆီကို ဒီအတိုင်းလိမ်းရင် ရသလို တခြားဆီတွေနဲ့လည်း ရောလိမ်းလို့ရပါတယ်။
ဒန့်သလွန်ဆီ
ကောင်းကျိုးကိုသိလို့ တွင်ကျယ်စွာအသုံးပြုလာကြတဲ့အထဲမှာ ဒန့်သလွန်ဆီလည်း ပါပါတယ်။ ဒန့်သလွန်ဆီမှာပါတဲ့ oleic acid က ဦးရေပြားကို အစိုဓာတ်ပေးပြီး ခြောက်သွေ့ယားယံခြင်းတွေကို သက်သာစေပါတယ်။
ဆံပင်ကို နေ့စဥ်ဆီလိမ်းနိုင်ရင် အကောင်းဆုံးပါ။ နေ့စဥ်မလိမ်းနိုင်ရင် တစ်ပတ်မှာ အနည်းဆုံးနှစ်ခါလောက် လိမ်းနိုင်ရင် လုံလောက်ပါတယ်။ ရေမချိုးခင် ဆီလိမ်းပြီး အနည်းဆုံးတစ်နာရီခန့် ဆံပင်ကို ပေါင်းထားတဲ့အလေ့အကျင့်ကို လုပ်နိုင်ရင်ကောင်းပါတယ်။ ဆီသီးသန့်လိမ်းရတာ စေးကပ်ကပ်ဖြစ်တာကို မကြိုက်တဲ့သူတွေအတွက် အထက်ဖော်ပြပါဆီတွေပါဝင်တဲ့ ဆံပင်အလှဆီတွေ ရှိနေပြီမို့ နှစ်သက်ရာ၊ သင့်တော်ရာကို ရွေးချယ်ဝယ်ယူလို့ ရပါတယ်။
Healtppy က စာတွေက အတွေးအမြင်ဗဟုသုတ တစ်ခုခု ရခဲ့မယ်ဆိုရင် တခြားသူများလဲ သိအောင် share ပေး၊ mention ပေးခဲ့ကြပါဦး။
ကျန်းမာရေး ပြဿနာများကို Healtppy ၏ အထူးကုဆရာဝန်ကြီးများနှင့်ဆွေးနွေးကုသနိုင်သလို၊ ဆရာဝန်များနှင့် လွယ်ကူလွတ်လပ်စွာ Messenger (သို့မဟုတ်) Phone ကနေလည်း ဆွေးနွေးကုသမှု ရယူနိုင်ပါတယ်။
ရေးသားသူ - ဒေါက်တာ ယဉ်ရွှေရည်